ကြေညာချက် (၂/၂၀၂၁)

နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များကို လစာ(၂)လစာ အတိုးမဲ့ ကြိုတင်ထုတ်ချေးငွေများအား ပြန်လည်ပေးဆပ်ရန် မလိုအပ်သည့် ချီးမြှင့်ငွေအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း ထပ်မံအသိပေးထုတ်ပြန်ကြေညာချက်

၁။ Coronavirus Disease 2019 ( COVID-19 ) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များကို လစာ(၂)လစာ ကြိုတင်ထုတ်ပေး၍ အတိုးမဲ့ချေးငွေအဖြစ် ၂၀၂၀ အောက်တိုဘာလမှစ၍ ဆိုင်းငံ့ကာလ (၆)လ၊ ပြန်ဆပ်ကာလ (၁) နှစ်သတ်မှတ်ပြီး ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်ဖွဲ့စည်းခဲ့သည့် အရပ်သားအစိုးရမှ ထုတ်ချေးခဲ့ပါသည်။

၂။ အဆိုပါချေးငွေအား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့ဆန္ဒနှင့်အညီ ဖြစ်ထွန်းပေါ်ပေါက်လာသည့် ကျွန်ုပ်တို့အစိုးရက နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို ရှေးရှုလျက် CDM ဝန်ထမ်း၊ non-CDM ဝန်ထမ်းမခွဲခြားဘဲ ပြန်လည်ပေးဆပ်ရန်မလိုအပ်သည့် ချီးမြှင့်ငွေအဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့ပြီးဖြစ်သည်။

၃။ ပြည်သူလူထု၏ အခွန်ဘဏ္ဍာငွေများကို တရားဝင်စီမံခန့်ခွဲပိုင်ခွင့်ရှိသူမှာ ပြည်သူလူထုကိုယ်တိုင် ယုံကြည်စွာ ဆန္ဒမဲပေး ရွေးချယ်လိုက်သည့် အစိုးရသာဖြစ်သည်။

၄။ ပြည်သူလူထု၏ ဆန္ဒအား အလေးမထား၊ လစ်လျူရှုလျက် နိုင်ငံတော်အာဏာအား အတင်းအဓမ္မသိမ်းယူထားသည့် အကြမ်းဖက်စစ်ကောင်စီ၌ ပြည်သူ့အခွန်ဘဏ္ဍာငွေများအား စီမံခန့်ခွဲပိုင်ခွင့် လုံး၀ မရှိပါ။

၅။ ယခုအခါ အကြမ်းဖက်စစ်ကောင်စီသည် CDM ဝန်ထမ်းများအား ချေးငွေပြန်လည်ပေးဆပ်ရန် အတင်းအကျပ် ခြိမ်းခြောက် တောင်းဆိုနေသည့်အပြင် non-CDM ဝန်ထမ်းများအားလည်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ အကုန်တွင် ချေးငွေ ပြန်လည်ပေးဆပ်ရမည်ဟု သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရှိရသည်။

၆။ ထို့ကြောင့် ကျွန်ုပ်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါချေးငွေများအား ပြန်လည်ပေးဆပ်ရန် မလိုအပ်သည့် ချေးငွေအဖြစ် တရားဝင်သတ်မှတ် ထုတ်ပြန်ကြေညာထားပြီးဖြစ်သောကြောင့် အကြမ်းဖက် စစ်ကောင်စီ၏ ခြိမ်းခြောက်တောင်းဆိုမှုများအား အသိအမှတ်ပြုရန် မလိုအပ်ကြောင်း ထပ်လောင်းထုတ်ပြန် ကြေညာလိုက်သည်။

တင်ထွန်းနိုင်
ပြည်ထောင်စုဝန်ကြီး
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန
အမျိုးသားညီညွတ်‌ရေးအစိုးရ

Share
Share
Share
Scroll to Top