ကြေညာချက် ( ၁ /၂၀၂၃)
အစိုးရငွေချေးသက်သေခံလက်မှတ်များ တရားမဝင်ထုတ်ဝေရောင်းချ၍ ငွေချေးယူနေခြင်းနှင့်စပ်လျဉ်းသည့်ကြေညာချက်
၁။ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာထားပြီးဖြစ်သည့် တရားမဝင် အာဏာသိမ်းစစ်ကောင်စီနှင့် ယင်း၏ လက်အောက်ခံအဖွဲ့အစည်းများသည် ၎င်းတို့သက်ဆိုးရှည် စေရန်နှင့်ပြည်သူလူထုအား အကြမ်းဖက်သတ်ဖြတ်နိုင်ရန် အရေးပေါ်လိုအပ်နေသော ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းနိုင်ရေးအတွက် အစိုးရငွေချေးသက်သေခံလက်မှတ်များကို ၃ လပတ်အလိုက် အချိန် ဇယား ရေးဆွဲပြီး ပြည်တွင်း၌ ထုတ်ဝေရောင်းချ၍ ငွေချေးယူလျက်ရှိကြောင်းနှင့် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွက် အောက်ပါအတိုင်း ထုတ်ဝေရောင်းချ၍ ငွေချေးယူရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရသည်-
၂။ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ (၂၀၂၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄) အရ အစိုးရငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေ ရောင်းချ၍ ငွေချေးယူခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောတူခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်ခြင်းသည် နိုင်ငံတော် (သို့မဟုတ်) အစိုးရအဖွဲ့အပေါ် ဥပဒေအရ သက်ရောက်မှုရှိမည် မဟုတ်ကြောင်းနှင့် နိုင်ငံတော် (သို့မဟုတ်) အစိုးရအဖွဲ့အပေါ် တောင်းဆိုပိုင်ခွင့်ရှိမည် မဟုတ်ကြောင်းကို အောက်ပါ အတိုင်း အတိအလင်း ပြဋ္ဌာန်းပြီးဖြစ်သည်-
ပုဒ်မ ၄၆။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ကန့်သတ်ထားသော အဖွဲ့အစည်း တစ်ရပ်ရပ်၏ ငွေချေးယူခြင်း၊ ကြွေးမြီတင်ရှိခြင်း သို့မဟုတ် ပေးရန်တာဝန်ရှိခြင်းသည် အစိုးရကြွေးမြီ သို့မဟုတ် ပြည်သူ့ကြွေးမြီ သို့မဟုတ် နိုင်ငံတော်၏ အာမခံချက်ရှိသည့် ကြွေးမြီဟု မှတ်ယူခြင်းမပြုရ။ ထိုကဲ့သို့သော ငွေချေးခြင်း၊ ကြွေးမြီ သို့မဟုတ် ပေးရန်တာဝန် ရှိမှုတို့နှင့် စပ်လျဉ်း၍ ကန့်သတ်ထားသော အဖွဲ့အစည်းတစ်ရပ်ရပ်မှ ချုပ်ဆိုထားသော သဘောတူညီချက်များ၊ စာချုပ်စာတမ်းများ သို့မဟုတ် အာမခံချက်များအားလုံးသည် နိုင်ငံတော် သို့မဟုတ် အစိုးရအဖွဲ့အပေါ်တွင် ဥပဒေအရသက်ရောက်မှုမရှိစေရ။
ပုဒ်မ ၄၇။ ကန့်သတ်ထားသော အဖွဲ့အစည်းတစ်ခု၏ ချေးငွေ၊ ကြွေးမြီ၊ တာဝန်ဝတ္တရား များ သို့မဟုတ် ကြွေးမြီဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော် သို့မဟုတ် အစိုးရအဖွဲ့အပေါ် တွင် တောင်းဆိုပိုင်ခွင့်မရှိစေရ။
၃။ သို့ဖြစ်ပါ၍ တရားမဝင် အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်း များက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ထုတ်ဝေရောင်းချပြီး ငွေချေးယူနေသည့် အစိုးရ ငွေချေးသက်သေခံလက်မှတ်များအားလုံးသည် အစိုးရကြွေးမြီ (သို့မဟုတ်) ပြည်သူ့ကြွေးမြီ (သို့မဟုတ်)နိုင်ငံတော်၏အာမခံချက်ရှိသည့်ကြွေးမြီများ မဟုတ်သည့်အတွက် နိုင်ငံတော် (သို့မဟုတ်) အစိုးရအဖွဲ့အပေါ် တောင်းဆိုပိုင်ခွင့်မရှိကြောင်း အသိပေးကြေညာလိုက်သည်။
တင်ထွန်းနိုင်
ပြည်ထောင်စုဝန်ကြီး
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန
Share
Share
Share




